မြင်းခြံမြို့တွင် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးပြုလုပ်

မြင်းခြံ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြင်းခြံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် ခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က အမှာစကားပြောကြားခဲ့ပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအား ဆွေးနွေး တင်ပြခဲ့သည်။ ဆက်လက်၍ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဝင်း က ကလေးသူငယ် မှုခင်းများ လက်ခံဆောင်ရွက်ပေးမှု များကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဒေါ်ဖြူဖြူခိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပြစ်မှုကျူးလွန်ခံရသည့် ကလေးသူငယ်ဖြစ်ရပ်များအတွက် ဆောင်ရွက်ပေးမှုများကိုလည်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)