မဟာအောင်မြေမြို့နယ်၌ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

မဟာအောင်မြေ သြဂုတ် ၁၅

မဟာအောင်မြေမြို့နယ်၌ အခြေခံပညာကျောင်းများဖြစ်သည့် (ထက်၊ လယ်၊ မူ)ကျောင်းများရှိ ဆရာ၊ ဆရာမများအား အများသူရှေ့ ရဲ့ရင့်မှန်ကန်စွာ ပြောဆိုတတ်စေရန်၊ အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ သြဂုတ်(၁၅)ရက်နေ့ကစတင်၍ အခမ်း အနားမှူးသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပညာရေးမှူး ဦးလှမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ပြီး ရရှိလာမည့်အကျိုး ကျေးဇူးများကို လည်းကောင်းစသည်များအား အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားမှူးသင်တန်းနည်းပြအဖြစ် ချမ်း​မြသာစည်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား အခမ်းအနားမှူးတစ်ယောက်ရှိသင့်ရှိထိုက်သည့် အဓိကအရည်အချင်းများ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာပြောဆိုခြင်း၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားတစ်ခု အောင်မြင်စွာကျင်းပခြင်း စသည့်အကြောင်းအရာများကို ဆက်လက်ပို့ချခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးနံရံကပ် စာစောင်များနှင့်သုတ၊ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုအား တက်ရောက်လာသူများလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းသို့ မဟာအောင်မြေမြို့နယ်ပညာရေးမှူး ဦးလှမြင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာ ဦးမြင့်သိန်းစိုး၊ ချမ်း​မြသာစည်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် မဟာအောင်မြေ မြို့နယ်ရှိ (ထက်၊ လယ်၊ မူ) ကျောင်းဆရာ၊ဆရာမများ စုစုပေါင်း(၆၉)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား သြဂုတ်(၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ ဖွင့်လှစ်သင်​ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း