ကျောက်ဆည်မြို့နယ်တွင် ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီ(၂၀၉၀)ပိဿာ ရောင်းချရေး

ကျောက်ဆည် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေ ရန်ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့်  အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီ(၂၀၉၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူသူပြည်သူများအဆင်ပြေစေရေး ရပ်ကွက်/ကျေးများသို့  ကွင်းဆင်း၍ ဒေါ်စန်းဌေး (နေလသုခ) စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ကျီးအိပ်ကျေးရွာပြည်သူများအတွက် စားအုန်းဆီ(၅၅၀)ပိဿာကိုလည်းကောင်း၊ ဦးအောင်လွင်(နေလသုခ) စားသုံးဆီ လက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ အရှေ့သာဂရ၊ ဆည်ကုန်း၊ မြိုင်သာယာကျေးရွာပြည်သူများအတွက် စားအုန်းဆီ(၆၆၀) ပိဿာကိုလည်းကောင်း၊  ဦးသန်းဌေး(ဦးသန်းဌေး) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ မြို့မဈေးသူ/ဈေသားများအတွက် စားအုန်းဆီ(၁၁၀)ပိဿာကိုလည်းကောင်း၊ ဒေါ်သီတာ(စစ်ငြိမ်း) စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ မြို့မဈေးသူ/ဈေးသားများအတွက် စားအုန်းဆီ(၁၁၀)ပိဿာကိုလည်းကောင်း၊ ဒေါ်စန်းစန်းဌေး (နေလသုခ)စားသုံးဆီ လက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ဈေးတန်း၊ ဘင်စုရပ်ကွက် ပြည်သူများအတွက် စားအုန်းဆီ(၃၃၀) ပိဿာကိုလည်းကောင်း၊  ဦးအောင်လွင် (နေလသုခ) စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ကျီးအိပ်ကျေးရွာပြည်သူများအတွက် စားအုန်းဆီ(၃၃၀) ပိဿာ  စုစုပေါင်း (၂၀၉၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

အဆိုပါရောင်းချပေးခဲ့သော စားအုန်းဆီများကို ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ Ideal Business Success CO.Itd နှင့် Resources Group Trading CO.Ltd စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံမှ ရည်ညွှန်းဈေးနှုန်းများဖြင့် ဝယ်ယူခဲ့သော စားအုန်းဆီများဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)