မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် သြဂုတ် ၁၅

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော အန္တရာယ်ကင်း အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ (မဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက် (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့) အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကောသလ္လ၊ (အဂ္ဂ မဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ဆရာ‌တော်သံဃာ‌တော်များအား‌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့‌ကြောင်း သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်၊ သံဃာတော် ၊ အရှင်သူမြတ်များက ၉ ရက်တာ အောင်မြင်စွာ မဟာပဋ္ဌာန်းရွက်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)