ပုဗ္ဗသီရိ ဩဂုတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅)အတွက် တွေ့ဆုံဂုဏ်ပြုခြင်းအခမ်းအနားကျင်းပရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က ဂုဏ်ပြုအမှာစကားပြောကြားရာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိသည့်အလျောက် နိုင်ငံသားတိုင်း စစ်ပညာတတ်မြောက်ထားကြရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံနှင့် မိမိရပ်ရွာဒေသလုံခြုံရေးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကို အရင်းခံကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူတကွ ပူးပေါင်းလက်တွဲပြီး ပြည်သူလူထု၏ အကျိုးစီးပွား၊ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို လေးစားဂုဏ်ယူပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြံစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ဖြစ်ပါကြောင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များကို ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆောင်မည့်သူများကို သတ်မှတ်ထားသည့် စစ်ဆေးမှုများပြုလုပ်ရန်အတွက် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြသည်။
အဆိုပါ စစ်မှုထမ်းရန် မိမိတို့သဘောဆန္ဒအရ စာရင်းပေးထားသူ ပုဗ္ဗသီရိမြို့နယ်မှ (၃၃)ဦးကို သတ်မှတ်ထားသည့် စစ်ဆေးမှုများနှင့်ကိုက်ညီသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅)တွင် တက်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)