မိုးနဲ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း မိုးရာသီကာလ မျိုးစေ့ထုတ်စံပြစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မျိုးစေ့ထုတ်စံပြစိုက်ခင်များ စိုက်ပျိုးထားရှိမှုနှင့် ရှင်သန်အောင်မြင်နေမှုအခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက ရှင်းလင်းတင်ပြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက ရိတ်သိမ်းချိန်ထိ တောင်သူများလိုအပ်သော နည်းပညာနှင့် သွင်းအားစုများ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် မိုးစပါးများ အချိန်မီ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်းများအဖြစ် ယာစပါး၊ လယ်စပါး၊ မြေပဲ၊ နေကြာ၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)၊ ပဲပုပ်နှင့် ပဲစင်းငုံများ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)