ဒေါပုံ သြဂုတ် ၁၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ မိမိနှင့်မိမိပတ်ဝန်းကျင်တွင် သတိပြုစရာ ဆောင်ရန်၊ ရှောင်ရန်များ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများ၊ မိမိနှင့် သိကျွမ်းသူများဖြစ်သော်လည်း အယုံမလွယ်စေပဲ လူကုန်ကူးခံရနိုင်သည့် အန္တရာယ်မှ ကာကွယ်နိုင်စေရန် အကြောင်းအရာများနှင့် လူကုန်ကူးခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် ဌာနများ၊ အဖွဲ့အစည်းများနှင့် ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ဉာဏ်စမ်းမေးခွန်းများမေးမြန်းပြီး အဖြေမှန်သူများကို လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား ကျောင်းသား၊ ကျောင်းသူများအား စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြပါသည်။
ချစ်စုဝေ (ပြန်/ဆက်)