ကွန်ဟိန်း သြဂုတ် ၁၅
ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၁၀) နာရီခန့်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လူငယ်များ မိမိအသိပညာစွမ်းရည်များ တိုးတက်မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာ ဗဟုသုတ တိုးပွားမည်ဖြစ်ကြောင်း၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့ဟာ စာပေဗဟုသုတမှာပဲရှိပါကြောင်း၊ စာအုပ်စာပေတွေကနေ ရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စာပေဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကို အကျိုးရှိအောင် အသုံးချတတ်ရန်လိုကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး အတွေးအခေါ် အယူအဆများ ထက်မြတ်လာစေပြီး၊ တီထွင်ဖန်တီးလိုစိတ် မြင့်မားလာစေရေး၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများရရှိ စေရေးအတွက် ဂိမ်းကစားပြိုင်ပွဲများကို အဖွဲ့လိုက် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)