မက်မန်း ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံလူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတရရှိစေရန်နှင့် ကိုယ်တိုင်ဖတ်မှတ်၍ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်တတ်စေရန်၊ အစဉ်အလာကြီးမားသည့် စာပေများကို လူငယ်တိုင်း ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ အရှင်သံဝရာလင်္ကာရ (ဓမ္မဝိယ) ၏ “ဘဝပညာနှင့် လူငယ်ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး) က စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် လူငယ်များ၏ အတွေးအခေါ်များ ရင့်ကျက်လာမည်ဖြစ်ကြောင်း၊ စာပေမှတစ်ဆင့်ဘဝ၏တန်ဖိုးအနှစ်သာရများကို တွေ့မြင်လာမည် ဖြစ်ကြောင်း၊ စာအုပ်စာပေများမှတစ်ဆင့် ပတ်ဝန်းကျင်ကောင်းကျိုး၊ မိမိကောင်းကျိုးများကို ဖန်တီးကြသော လူငယ်များဖြစ်လာစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ဦးစွာရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ လူငယ်များအဖွဲ့မှ မမာထက ပညာသင်ခြင်း၏ အဓိပ္ပာယ် ဆောင်းပါးအားလည်းကောင်း၊ မဒီမေလက တော်လည်းတော်စေ ကောင်းလည်းကောင်းစေ ဆောင်းပါးအားလည်းကောင်း၊ မနာစောက ဘဝပညာဆောင်းပါးအားလည်းကောင်း၊ မခင်မာချိုက သတ္တိလည်းရှိစေ ဗျတ္တိလည်းရှိစေ ဆောင်းပါးအားလည်းကောင်း၊ မစီလီးနာက ပညာသယံဇာတ ဆောင်းပါးအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာ စောင်ချစ်မြတ်နိုးသူ လူငယ်အဖွဲ့ဝင် (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)