မန်ကန်မြို့နယ် မန်ပန်ကျေးရွာမူလတန်းကျောင်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပွဲ ကျင်းပ

မန်ကန် ဩဂုတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ မန်ပန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်  ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အိဇာချို (မြို့ဦးစီးမှူး) ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မန်ပန်မူလတန်းကျောင်းမှ (Grade-4) ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့မှ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ မန်ကန်မြို့ရုံးမှ ပြသထားသည့် အသိပညာပေးစာအုပ်စာဆောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အိဇာချို(မန်ကန်၊ ပြန်/ဆက်)