မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင်မရှိသည့် လူနာတစ်ဦးထပ်တိုး

မြစ်ကြီးနား  နိုဝင်ဘာ  ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင်လည်း မရှိသည့် အတည်ပြုလူနာတစ်ဦး ထပ်တိုးကြောင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ အထူးသတိပြုကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူနာသည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်၊ အမျိုးသား တစ်ဦးဖြစ်ပြီး ၎င်းသည် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ ရုံးဝန်ထမ်းဖြစ်၍ အနံမရခြင်း၊ ဖျားခြင်းခံစားရသဖြင့် စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပိုးတွေ့လူနာနှင့် ဆက်စပ်သူများကို ဌာနမှ ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့ရှိ ပြည်သူများအနေဖြင့် လူထုအတွင်း ကူးစက် ပြန့်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအတိုင်း အတိအကျ လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အလေးအနက်ထား နှိုးဆော်တိုက်တွန်းထားသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦးထပ်တိုးထားခဲ့ပြီး ရွေကူ၌ အဝေးပြေး မော်တော်ယာဉ်မောင်း(၁)ဦး၊ မိုးကောင်းနှင့်မိုးညှင်းမြို့တို့တွင် ရန်ကုန်မှ ပြန်လာသဖြင့် အသွားအလာ ကန့်သတ်ထားသူ (၁)ဦးစီရှိကြောင်း ထုတ်ပြန်ထားသဖြင့် ယနေ့တွင် မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ထပ်တိုး အတည်ပြုလူနာ (၄)ဦးရှိကြောင်းနှင့် ကချင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၈ ရက်နေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၁၅၂)ဦးထိရှိနေပြီး၊ ဆေးရုံဆင်းခွင့်ရသူ (၁၃၇) ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မျိုးမြင့်စိုး(ပြန်/ဆက်)