တွံတေးမြို့နယ်၌ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

တွံတေး ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရွှေဆံတော်စေတီရင်ပြင် ချစ်တီး+ဒေါ်ပု ရွှေဆိုင်တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ကွမ်းခြံသာသနာ့ရိပ်သာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခြင်း၊ ကိုးနဝင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓဇမှ သီလဆောက်တည်ရန်နှင့် ပဋ္ဌာန်းတရား နားကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ ညောင်တံခါး ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သုမနဘိဝံသထံမှ ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသစ်ပရိယတ္တိ စာသင်တိုက်မှ အရှင်ပညာသာမိမှ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ရန် တိုက်တွန်းလွှာ(ပဋ္ဌာန်းအမွန်း) ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကြွရောက်တော်မူလာကြသော ပဋ္ဌာနဘာဏက ဆရာတော်သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ (၂၄)ပစ္စည်းအကျဉ်းကို သုံးကြိမ်ရွတ်ဆို၍ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပူဇော်ဖွင့်လှစ်ပြီး အလှည့်ကျ မဟာပဋ္ဌာန်း ဒေသနာတော်မြတ်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တွံတေးမြို့နယ်အတွင်းရှိ ဩဝါဒစရိယ‌ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တက်ရောက်ခဲ့ကြပြီး မဟာပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ဩဂုတ်လ (၁၄)ရက်နေ့မှ (၁၉)ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

 မျိုးလှိုင်(ပြန်/ဆက်)