ကျောက်တလုံးကြီး သြဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က အ.ထ.က ကျောက်တလုံးကြီး ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.ကကျောက်တလုံးကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်တလုံးကြီးမြို့နယ်မြေ ရဲစခန်းမှ ရဲအုပ်ဇေလတ်က ယာဉ်တိုက်မှု/ ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ ယာဉ်တိုက်မှု/ ယာဉ်မတော်တဆမှုအမျိုးအစားများ၊ ယာဉ်တိုက်မှုအပေါ် အရေးယူသည့် ရာဇသတ်ကြီးဥပဒေနှင့် ပြစ်ဒဏ်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများ၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဓိကမဏ္ဍိုင်(၅)ရပ်၊ အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်းခြင်းနည်းစနစ်(၅)မျိုး၊ မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ ခြေလျင်လမ်းလျှောက်သူများ လိုက်နာရန် စည်းကမ်းများ၊ အနှေးယာဉ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းများ၊ မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန်စည်းကမ်းများ၊ လမ်းညွှန်ဆိုင်းဘုတ်များစသည့် အသိပညာပေးအကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများ အသိပညာရရှိ၍ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ ပိုမိုသိရှိနားလည်ရန် မေးခွန်းများမေး၍ အပြန်အလှန်ဖြေဆိုခြင်းများပြုလုပ်ရာ စိတ်ဝင်တစား ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ အ.ထ.က ကျောက်တလုံးကြီးမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၂၈၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန္တာ (ပြန်/ဆက်)