ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံ ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ပတ္တမြားခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းကျန်းမာရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးမြင့်အေး၊ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းဦးနှင့် မြို့နယ်ကျန်းမာ‌ရေးဌာနမှ‌ ဒေါက်တာသန်းထိုက်‌အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းအတွင်းပြသထားသော နံရံကပ်စာစောင်များနှင့် ပြခန်းအတွင်း လှည်လယ်ကြည့်ရှု့ခဲ့ကြသည်။ လက်တွေ့ပြသထားသော အဟာရပြည့်အစားအစာများ၊ သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ ပြင်းထန်၀မ်းပျက်၀မ်းလျောရောဂါအကြောင်းများကို ကျောင်းသား၊ ကျောင်းသူများက နံရံကပ်စာစောင်ပါ အတိုင်းရှင်းလင်းပြသခဲ့ကြသည်။ အခမ်းအနားတက်ရောက်လာသူများမှ ကျန်းမာရေးအသိပညာပေး ပုံစံတူတည်ဆောက်ထားမှုကို ပြခန်းအတွင်း လှည့်လည်ကြည်ရှု့ခဲ့ကြသည်။

ဆက်လက်၍ ကျန်းမာရေးအသိပညာ‌ပေးဟောပြောပွဲကို ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီး‌ ဒေါက်တာဒေါ်ဥမ္မာထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာအောင်ထွန်းဦးမှ ကျန်းမာရေးအကြောင်းသိကောင်းစရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးမှ လူငယ်နှင့်ကျန်းမာရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့ကြသည်။ အဆိုပါဟောပြောပွဲအခမ်းအနားကို တက်ရောက်သူ(၈၅၀)ဦးရှိကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းကျန်းမာရေးသီချင်းများနှင့် ဖျော်ဖြေခဲ့ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)