စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျင်းပ

ဒဂုံတောင် ဩဂုတ် ၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှကြီးမှူး၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စည်ပင်လမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးက ​ကျောင်းသား/​ကျောင်းသူ သားငယ်သမီးငယ်များအ​နေဖြင့် အမှိုက်များစွန့်ပစ်ရာတွင် စည်းကမ်းတကျစွန့်ပစ်ရန်၊ ရန်ကုန်မြို့တော်ကို အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာလှပသည့် မြို့​တော်အဖြစ်ရပ်တည်နိုင်စေရန် သားငယ်သမီးငယ်များအားလုံး ပူး​ပေါင်းပါဝင်ပြီး အနာဂတ်တွင် တိုင်းပြည်ကအားထားရသည့် လူ​တော်လူ​ကောင်းများဖြစ်​စေရန် ကြိုးစားကြ​စေလို​ကြောင်းများ ​​စသဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးနေလင်းက ကျောင်းသား၊ ကျောင်းသူများအား စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာ၊ အမူအကျင့်ကောင်းများနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် စွန့်ပစ်အမှိုက်များကို လျော့ချခြင်း၊ ပြန်လည်တီထွင်အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက်များ၊ အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ခြင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်း​ပြောကြားပြီး မြို့ပြပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သန့်ရှင်းရေးဌာနဝန်ထမ်းများက စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေးတေးသရုပ်ဖော်များဖြင့် သီဆို​ဖျော်​ဖြေသည်။

ထို့နောက် ကျောင်းသား၊​ ကျောင်းသူများအား ဖြန့်ဝေ‌ပေးထားသည့် လက်ကမ်းစာစောင်များထဲမှ အမှိုက်နှင့်ပတ်သက်သည့် မေးခွန်းများ​မေးမြန်သည့် အစီအစဥ်ကိုပြုလုပ်ရာ ကျောင်းသား၊​ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ဖြေဆိုကြ‌ကြောင်း သတင်းရရှိသည်။

သန်းသန်းအေး