မိုင်းယန်း ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ “လူငယ်ရေးရာ” ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ အမှား၊ အမှန် ဝေဖန်ခွဲခြားသိမြင်စေရန်၊ စာရိတ္တကောင်းတွေကို တန်ဖိုးထားမြတ်နိုးသင့်ပုံ အကြောင်းအရာများ၊ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားအားထုတ်မှု၊ ကိုယ်အမူအရာ၊ နုတ်အမူအရာ ချိုသာသိမ်မွေ့စွာ ပြုမူနေထိုင်သင့်ပုံများ၊ ငယ်ရွယ်စဉ်ကပင် ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ဥပမာ၊ သာဓကများဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ၊ ရသ၊ စာအုပ်၊ စာစောင်များ ခင်းကျင်းပြသငှားရမ်းပေးပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး