တာချီလိတ်မြို့၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ကျင်းပ

တာချီလိတ် ဩဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချင်းရိုင်းယူနိုက်တက်လူငယ်အသင်းနှင့် တာချီလိတ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမပွဲစဉ်အဖြစ် ချင်းရိုင်းယူနိုက်တက်လူငယ်အသင်းနှင့် တာချီလိတ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲအား ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ် ပုန်းထွန်အသင်းနှင့် မိုင်းကိုးအသင်းတို့ ပွဲချိန်ပြည့်ယှဉ်ပြိုင်ကစားခဲ့ရာ ပုန်ထွန်းအသင်းမှ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ နေရာအလိုက်ကစားသမားဆု၊ ဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုများအပါအဝင် ပထမဆု၊ ဒုတိယဆု ရရှိသောအသင်းမှ တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ ကျေးရွာ ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ စတင်ယှဉ်ပြိုင်ကျင်းပခဲ့ပြီး ရက်ကွက်/ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ၂၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)