ကျောက်တန်း သြဂုတ်လ ၁၅
ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကို ထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ကျောက်တန်းမြို့နယ် အားကစားနှင့် ကာယပညာဦစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်တန်းမြို့ရှိ မြိုင်သာယာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၁ ဗိုလ်မှူးအောင်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦစီးဌာနမှ အားကစားမှူး ဒေါ်သီတာမွန်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်၀င်းက မီးဘေးလုံခြုံရေးနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများကိုလည်းကောင်း အသီးသီးအသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် ဂျူဒိုအားကစားနည်းများဖြင့် သရုပ်ပြသကြသော အားကစားသမားများ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး ကျောက်တန်းမြို့နယ်ရှိ မြိုင်သာယာအခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်အားကစားနှင့် ကာယပညာဦစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၁ ဗိုလ်မှူးအောင်သန်းထွန်းကမှ ပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ရွှေစင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၁ ဗိုလ်မှူးအောင်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်တန်းမြို့နယ်ရှိ မြိုင်သာယာ၊ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နေလင်းကျော် (ပြန်/ဆက်)