နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော်  ဩဂုတ် ၁၅

နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများ အကျိုးစီးပွားကို ရှေးရှု၍ မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ကာ ဦးစားပေးဆောင်ရွက်နေလျက်ရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် ခွန်အားဖြစ်စေမှာဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော်သော အထောက်အပံ့ရရှိခွင့်တို့ကို ရရှိစေရန်ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် လူမှုအဖွဲ့အစည်းလှုပ်ရှားဆောင်ရွက်မှုများအတွင်း သက်ကြီးရွယ်အိုများ ပါဝင်ဆောင်ရွက်ခွင့်ကိုလည်း ကော်မတီဝင်များက တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို  သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)