တောင်ကြီး ဩဂုတ် ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်များနှင့်စားသုံးဆီများ၊ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ရှေးဦးစွာဆွမ်းဆန်တော်နှင့်စားသုံးဆီများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် ဩဝါဒါစရိယ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတေဇဝန္တ ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က သင်္ကန်းပရိက္ခရာ၊ ဆွမ်းဆန်တော်၊ စားသုံးဆီနှင့် ဝတ္တုအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်ကြီးထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် တောင်ကြီးမြို့၊ မူလမင်းကွန်းပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး ဆွမ်းဆန်တော်နှင့် စားသုံးဆီများ လှူဒါန်းခြင်းအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော် ဩဝါဒါစရိယ တောင်ကြီးမြို့ မူလမင်းကွန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တပညာသီရိဘိဝံသထံ သင်္ကန်းပရိက္ခရာ၊ ဆွမ်းဆန်တော် အိတ်များ၊ စားသုံးဆီနှင့် နဝကမ္မ အလှုတော်ငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်ကြီးနှင့် ရဟန်းသံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားပေး၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)