မန္တလေး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ညနေပိုင်းက ဆည်တော်လေးရေလွှဲဆည်မှတဆင့် ဆည်တော်ကြီးရေသောက်စနစ် မန္တလေးတူမြောင်းမကြီးသို့ ရေဝင်ရောက်မှုနှင့် ပျိုးထောင်ထားသည့် မိုးစပါးပျိုးခင်းများသို့ ရေပေးသွင်းထားမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ ဆည်တော်ကြီးရေသောက်စနစ် တမုတ်ဆိုး(ဘီ)လက်တံမြောင်းသို့လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာရှိ ဆည်တော်ကြီးရေသောက်စနစ် မန္တလေးတူးမြောင်းမကြီးသို့လည်းကောင်း ရောက်ရှိပြီး ဆည်တော်လေးရေလွှဲဆည်မှ ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် ဆည်တော်လေးရေလွှဲဆည်၏ ရေဆင်းဧရိယာဖြစ်သော ပြင်ဦးလွင်မြို့၌ မိုးရေချိန် ၂.၃၂ လက်မ ရွာသွန်းခဲ့မှုကြောင့် နားဋောင်းကျချောင်းမှ စီးဝင်ရေ၊ ဆည်တော်လေးရေလွှဲဆည် ရေထိန်းတံခါးမှ ဆည်တော်လေးမြောင်းမတော်မြောင်းသို့ ရေပေးသွင်းခဲ့မှုနှင့် မန္တလေးတူးမြောင်းမကြီးအတွင်းသို့ ရေများဝင်ရောက်နေမှု၊ မန္တလေးတူးမြောင်းမကြီးအတွင်း စီးဝင်ရေများ၊ မြောင်းမကြီးအတွင်း စုဆောင်းသိုလှောင်ထားရှိမှုနှင့် ရေလိုအပ်သည့်အချိန်တွင် မန္တလေးတူးမြောင်းမကြီးအောက်ပိုင်း အမရပူရမြို့နယ်ရှိ မိုးစပါးစိုက်ပျိုးရေ ဖြည့်စွက်ပေးဝေနိုင်ရေးနှင့် သောက်သုံးရေပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံမှ မန္တလေးတူးမြောင်းမကြီးအတွင်း ရေဝင်ရောက်မှုမရှိတော့သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်၍ ဆည်တော်ကြီးရေကို အားထားအသုံးပြုနေကြရသည့် တောင်သူလယ်သမားများအတွက် ပုံမှန်စိုက်ပျိုးရေများနှင့် ဒေသခံပြည်သူလူထုသောက်သုံးရေများအတွက် ရေကူဖြည့်တင်းပေးနိုင်ရေး အလေးထားကာ ရေအရင်းအမြစ်မျိုးစုံမှ နည်းလမ်းမျိုးစုံဖြင့်ရယူ၍ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ စုဆောင်းသိုလှောင်ရေများကို စိုက်ပျိုးရေးကဏ္ဍတွင် ထိရောက်စွာ ဖြည့်စွက်သုံးစွဲသွားရေးတို့ကို ဌာနချင်းချိတ်ဆက်၍ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်