တာချီလိတ်မြို့နယ်အတွင်း ပထမဦးစားပေးကျေးရွာဖြစ်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာ မြေငှားဂရန်ထုတ်ပေးမှုအခမ်းအနား ကျင်းပ

တာချီလိတ် ဩဂုတ် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ပထမဦးစားပေးကျေးရွာဖြစ်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာ မြေငှားဂရမ်ထုတ်ပေးမှုအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးမင်းကိုက တာချီလိတ်ခရိုင်အတွင်း နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားမှုအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားချက်နှင့်အညီ  ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးစီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ဖန်မင်ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအားလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအားလည်းကောင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးစီမံချက်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးဖြင့် ကျေးရွာ ၃ ရွာ ရွေးချယ်တင်ပြခဲ့ရာ စန်းလုကျေးရွာသည် ပထမဦးစားပေးကျေးရွာဖြစ်ကြောင်း၊ ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး လုပ်ငန်းအဆင့်ဆင့်အား ၂၀၂၀ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့မှသာ ကျေးရွာသူ/သားများထံသို့ မြေငှားဂရမ် လက်ဝယ်ထုတ်ပေးနိုင်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာ ဒေသခံပြည်သူ အိမ်ထောင်စု ၉၀ ဦးထံသို့ မြေငှားဂရန်စာချုပ်များ လက်ဝယ်အရောက်ပေးအပ်ကာ မြေငှားဂရန်ရရှိသူ ဒေသခံပြည်သူများ၏ကိုယ်စား ကျေးရွာဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)