တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဩဂုတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟု သုတများပိုမိုရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က “လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု” ခေါင်းစဉ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ခြင်းနှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် သရက်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းချမ်းစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုဟောပြောပွဲအပြီးတွင် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်၊ စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်စိုးလွင်