ကလော ဩဂုတ် ၁၅
ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း၊ ဗလငါးတန်အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် သုတ၊ ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)