မိုးညှင်း နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု စာထားကျေးရွာရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိသည့် အသက်(၂၀)အရွယ်ရှိ အမျိုးသမီး(၁)ဦးထံတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သဖြင့် နန်းမားတိုက်နယ်ဆေးရုံရှိ သီးသန့်ဆောင်တွင်ထားရှိ၍ ဆေးကုသမှု ပေးလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ပြောကြားသည်။
အဆိုပါ ပိုးတွေ့အမျိုးသမီးသည် ရန်ကုန်မှ ယခုလ ၁၁ ရက်နေ့တွင် ၎င်းနေထိုင်ရာ စာထားကျေးရွာသို့ ရောက်ရှိလာသဖြင့် ကျေးရွာမူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းတွင် စောင့်ကြည့် လူနာအဖြစ် ထားရှိရာမှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ မန္တလေး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာမှ ယခုလိုပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ထံမှ သိရသည်။
မိုးညှင်းမြို့နယ်အတွင်း ယခုပိုးတွေ့လူနာ အမျိုးသမီးအပြင် လက်ရှိမိုးညှင်းခရိုင် ဆေးရုံရှိသီးသန့်ဆောင်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများဖြစ်သည့် ကုန်တင်မော်တော်ယာဉ်မောင်း(၁)ဦးနှင့် ယာဉ်နောက်လိုက်(၁)ဦး တို့ကိုလည်း ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)