ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် သတင်းရေးသား၊ ရိုက်ကူး၊ တည်းဖြတ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး  ဩဂုတ် ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် သတင်းရေးသား၊ ရိုက်ကူး၊ တည်းဖြတ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန(တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက နိုင်ငံတော်အတွက်အရေးပါသည့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး သတင်းရေးသားထုတ်ပြန်ခြင်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မီဒီယာလုပ်ငန်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ အရည်အသွေးရှိရှိ၊ တန်ဖိုးရှိသည့်သတင်းများ ရေးသားထုတ်ပြန်နိုင်စေရေးနှင့် သတင်းရေးသားခြင်း၊ သတင်းဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူး၊ တည်းဖြတ်နည်းများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ မီဒီယာနည်းလမ်းများနှင့် အသိပေးဆောင်ရွက်ရာတွင် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ အရည်အသွေးပြည့်မီပြီး အပြုသဘောဆောင်သည့် သတင်းမှတ်တမ်းဖြစ်ရေး အလေးထား သတိပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ “Founder at Swaitawyeik Production”မှ ဆရာ ဦးကျော်ကျော်ဝင်းက သင်ကြားပြသပေးခဲ့သည့် သတင်းဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးနည်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက သင်တန်းတွင်သင်ကြားပို့ချခဲ့ကြသည့် သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်နှင့် မှတ်တမ်းလွှာများကိုပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် ပထမဆုရရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်၊ ဒုတိယဆုရရှိသည့် လင်းခေးခရိုင်ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းဇော်လတ်၊ တတိယဆုရရှိသည့် ကျောက်တလုံးကြီးမြို့ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးဇော်နိုင်လင်းတို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက သင်တန်းတွင် နှစ်သိမ့်ဆုရရှိသည့် တောင်ကြီးခရိုင်ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးမောင်မောင်သန်း၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးခွန်အာကာထွန်းတို့အား ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းသားတစ်ဦးက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများ၏ သတင်းများနှင့် Video Clip များကို ပြသပေး၍ ပြည်နယ်ဝန်ကြီးက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ သတင်းရေးသားနည်း၊ အင်တာဗျူးသတင်းရေးသားနည်း၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်များ၊ Documentary Film ရိုက်ကူးတည်းဖြတ်နည်း၊ ရုပ်သံသတင်းရိုက်ကူးနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးခဲ့ရာ ဌာနဆိုင်ရာများမှ သင်တန်းသား (၃၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)