နေပြည်တော် ဩဂုတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစနစ်တကျအသုံးပြုပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလေးထားစိစစ်၍အသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်များအားခွင့်ပြုချထားပေးခြင်း၊ စိစစ်ထောက်ခံတင်ပြပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျစီမံခန့်ခွဲပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေးခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများအပေါ် အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ကိုင်ခွင့်များ ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီစိစစ်၍ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား အသုံးချခြင်းနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များအား ဒေသတွင်းအကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး နေပြည်တော်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့၊ နံတော်စဉ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကုသလ မထေရ်မြတ်အားသွားရောက်ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ကိုးပါးသီးလခံယူ ဆောက်တည်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နံတော်စဉ်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုသလ မထေရ်မြတ်ထံ ဝါတွင်းကာလ ဝါဆို၊ ဝါကပ်ကြမည့် သံဃာတော်များအတွက် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကာ အနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းလောင်းအမျှပေးဝေ ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)