နေပြည်တော် ဩဂုတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်အတွင်းရှိ လယ်ဝေးမြို့နယ် ပြည်သူ့စစ်အဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ကျော်စိုးမိုး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပြည်သူ့စစ်အဖွဲ့များ တက်ရာက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးစသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်တွင် ပြည်တွင်းထုတ်ကုန်များ ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧက အထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပြည်ပငွေသုံးစွဲမှု လျော့ချနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ မျိုး၊ မြေ၊ ရေ၊ နည်းစသည့် အချက်လေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျအသုံးချရန် လိုအပ်သကဲ့သို့ အထွက်နှုန်း ကောင်းမွန်ရန်နှင့် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရန်အတွက် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်ပြီး တောင်သူအသိပညာပေးစင်တာ (KC) များတွင်လည်း တောင်သူအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထားဆောင်ရွက်ကြရမှာဖြစ်ကောင်း၊ ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရေးပေါ်အခြေအနေအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာဖြစ်ကြောင်း၊ သစ်ပင်သစ်တောပြုန်းတီးမှုများ မရှိစေရေးအတွက်လည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေးတို့အတွက် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားတိုးတက်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ပြည်သူလူထုအသိပညာနှင့် ဗဟုသုတများ တိုးပွားစေရေးအတွက် ကျောင်းစာကြည့်တိုက်၊ ရပ်ရွာများအတွင်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များတွင် စာအုပ်စာပေများ စုံစုံလင်လင် ထားရှိနိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း၊ အားကစားနှင့် ပတ်သက်၍ အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိသည့်အလျောက် နိုင်ငံသားတိုင်း စစ်ပညာ၊ နိုင်ငံတော်ကာကွယ်ရေး ပညာတတ်မြောက်ထားကြရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံနှင့် မိမိရပ်ရွာဒေသ လုံခြုံရေးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကို အရင်းခံကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အတူတကွ ပူးပေါင်းလက်တွဲပြီး ပြည်သူလူထု၏ အကျိုးစီးပွား၊ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို လေးစားဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရာက်လာကြသူများက လိုအပ်သည်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ကျော်စိုးမိုးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးတို့က ပြည်သူ့စစ်အဖွဲ့များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်သူ့စစ်အဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)