ရန်ကုန် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်နှင့် သတ်မှတ်နေရာ အသီးသီးတို့တွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီစိုးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက် စိစစ်ကောက်ယူ၍ Database တွင် သိမ်းဆည်း၍ မတူညီဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေး ရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)