တာမွေမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

တာမွေ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော  စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမောင်ယဉ်ဝေ(ဥက္ကလာ)က ကျောင်းသား/သူလေးများအား စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စာရေးဆရာမောင်ယဉ်ဝေ(ဥက္ကလာ)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ကျောင်းသား/သူလေးများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ်ပေါ်ထွန်းလာစေရေး၊ ကျောင်းသား /သူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရေးတို့အတွက် ယခုလို ဟောပြောပွဲများကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)