မိတ္ထီလာ ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲမကျင်းပမီ ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အမှာစကားပြောကြားပြီး အကဲဖြတ်ဒိုင်ချုပ် စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ပြိုင်ပွဲကျောင်းသူကျောင်းသား ၂၈ ဦးက ပြိုင်ပွဲခေါင်းစဉ်များကိုမဲနှိုက်၍ ကျရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲအား ဩဂုတ်လ ၂၂ ရက်နေ့၌ အ.ထ.က(၂)တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြိုင်ပွဲများအတွက် ကြိုတင်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲဝင် ၂၈ ဦးအနက် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ သူ ၁ဝ ဦးသည် ဩဂုတ်လ ၂၂ ရက်နေ့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် နောက်ဆုံးအဆင့် ထပ်မံယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ဆုရရှိသူများအား အဆိုပါနေ့တွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ