မဟာအောင်မြေ သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၈) အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂၈) အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ရည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးရှီးမွန်က လူငယ်နှင့်အားကစား အကြောင်းသိကောင်းစရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းသား/သူများအား စာပေနှင့်ပတ်သက်၍ ပြောကြားရာတွင် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အားလပ်တဲ့အချိန်မှာ စာပေတွေကိုလေ့လာစေလိုကြောင်း၊ စာပေတတ်မြောက်မှသာလျှင် နိုင်ငံနှင့်လူမျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အသိပညာတိုးပွားအောင် စာပေကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် အခြားသောပြင်ပဗဟုသုတများကိုလည်း ရှာဖွေသင့်ကြောင်းနှင့် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြောကြားရာတွင်လည်း မူးယစ်ဆေးဝါးသည်လူသားတွေကို ကောင်းကျိုးမပေးဘဲ လူဦးနှောက်တွေကို မူးယစ်ထုံမှိုင်းစေသောကြောင့် စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ မူးယစ်ဆေးဝါးအစဆေးလိပ်ကဆိုသည့်အတိုင်း မူယစ်ဆေးဝါးကို စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ ယခုလူငယ်နှောင်ဝယ်လူကြီးဆိုသည့်အတိုင်း ငယ်ရွယ်စဉ်မှာ အမှားအမှန်ဝေဖန်နိုင်အောင် စာပေတွေကို လေ့လာ့သင်ယူသင့်ကြောင်း၊ ကျောင်းနေအရွယ်မှာ ပညာကိုသာဦးစားပေးသင်ယူလေ့လာသင့်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးက အားကစားပစ္စည်းများကို လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း