မုဒုံမြို့၌ ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

မုဒုံ သြဂုတ် ၁၄

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က(ညောင်ကုန်း)ကျောင်း၌ ပြုလုပ်သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သွားဆရာဝန် ဒေါက်တာလမင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများက အာဟာရ ဖွံ့ဖြိုးရေး ရောဂါကာကွယ်စေသော အစာအုပ်စုများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေး၊ သွားကျန်းမာရေးနှင့် စနစ်တကျ လက်ဆေးနည်းများအကြောင်းတို့ကို ကျောင်းသား/သူများအား အသိပညာပေး ပြောကြားသည်။ ထို့နောက် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပန်းချီပြိုင်ပွဲ၊ အမေးအဖြေ မေးခွန်းပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများအား အာဟာရများကျွေးမွေးခြင်း၊ သွားကျန်းမာရေးနှင့် အခြားသော ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သော ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)