မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုးနဲ ဩဂုတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ သူလေးများက ဘက်စုံပညာဂုဏ်ရည်ဒို့လှမ်းချီ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက  ပညာရည်ချွန်ဆုပေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီထွန်းက ကျောင်း၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့သောလုပ်ငန်းများကိုလည်းကောင်း၊ မိဘဆရာအသင်း အတွင်းရေးမှူး အထက်တန်းပြဆရာကြီး ဦးကျော်စိုးမိုးစိန်က ကျောင်းဖွံ့ဖြိုးတိုးတက်မှုများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ပညာရည်ချွန်ဆုပေးပွဲဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ကြသောအလှူရှင်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ/မများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများ ၊ KG တန်းမှ Grade- 11 အထိ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူလေးများက  အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခဲကြောင်းသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)