ကချင်ပြည်နယ်ဝန်ကြီးချုပ် သန့်ရှင်းသာယာလှပရေးအတွက် လူထုပူးပေါင်းပါဝင်မှုဖြင့် ပိုမိုကောင်းမွန် သော အမှိုက်စွန့်ပစ်မှုနှင့် စနစ်ကျသော အမှိုက်သိမ်းစနစ် ပေါ်ထွန်းလာစေရေး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁၄

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဒေသခံရပ်ကွက် နေပြည်သူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်လာစေရေး အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုနှင့် စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ဒုတိယအကြိမ်မြို့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မဖြစ်မနေ ဦးစားပေးဆောင်ရွက်ရမည့် အမှိုက်သိမ်းစနစ် ပိုမိုကောင်းမွန် ရေး၊ အုပ်ချုပ်ထောက်ပံ့မှုနှင့် စနစ်တကျစီမံခန့်ခွဲနိုင်ရေး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်မှ ရပ်/ကျေး အဆင့်ထိ သန့်ရှင်းသာယာလှပရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှ သာ အမှိုက်စွန့်ပစ်ခြင်းလုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး အများပြည်သူ ပူးပေါင်းပါဝင်ခြင်းအား ဖြင့် ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ်ကို ဖော်ဆောင်နိုင်ပြီး ရပ်ကွက်အလိုက် တာဝန်ယူမှုရှိသည့် လူမှုအဖွဲ့အစည်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် မြို့ပေါ်ရပ်ကွက် (၂၈) ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်များအတွင်း အမှိုက်သိမ်းစနစ်နှင့် သန့်ရှင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် နည်းလမ်းများ၊ အခက်အခဲ၊ လိုအပ်ချက် များကို အကြံပြုတင်ပြဆွေးနွေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော် လင်းက စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်သိမ်းစနစ်နှင့် စပ်လျဉ်း၍ ယာဉ်၊ ယန္တရားစီမံအုပ်ချုပ်မှုနှင့် ဝန်ထမ်းဖွဲ့စည်းပုံ အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးလှမိုးက မြို့ပြဆိုင်ရာ အချက်အလက်များ၊ လူဦးရေနှင့် တစ်ရက်တာ စွန့်ပစ်အမှိုက်သိမ်း ဆည်း ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်၊ အမှိုက်ကန်/ အမှိုက်ပုံများ သတ်မှတ်နေရာချထား သုံးစွဲနေမှု အခြေအနေများနှင့် ယာဉ်လိုအပ်ချက်ကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများနှင့် ရပ်ကွက်နယ်မြေအလိုက် အမှိုက်စွန့်ပစ်နိုင်သည့် စုရပ်နေရာများ တိုးချဲ့သတ်မှတ်နိုင်ရေး၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်နိုင်ရေး၊ ကြေညာ ချက်ဆိုင်းဘုတ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် အမှိုက်သိမ်း ယာဉ်၊ သုံးဘီးမော်တော်ဆိုင်ကယ်များ ဝယ်ယူဖြည့်တင်းပေးနိုင်ရေး၊ ရပ်ကွက်အခြေပြု အမှိုက်သိမ်း စနစ် ထူထောင်ရေး၊ လူထုစိတ်ဝင်တစား ပူးပေါင်းဆောင်ရွက်လာနိုင်ရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နေလူထုများ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် စည်းရုံးဆောင်ရွက်နိုင်ရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် ယာဉ်လိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်ရေး၊ ပိုမိုကောင်းမွန်သော အမှိုက်စွန့်ပစ်မှုနှင့် စနစ်ကျသော အမှိုက်သိမ်းစနစ် အကောင်အထည် ဖော် ဖြစ်ထွန်းစေရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)