မင်္ဂလာဒုံ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းလျက် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲကို အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဇော်ဝင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံဒေါ်ခိုင်ဇာဝေက လူငယ်နှင့်အားကစားဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မြင့်က မိုးတွင်းကာလဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသိန်းထွန်းအောင်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်ရေးရာဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြန်မာ့သိုင်းအဖွဲ့နှင့် Fitness Dance အဖွဲ့တို့မှ သရုပ်ပြသခဲ့ကြပြီး သရုပ်ပြအဖွဲ့များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဇော်ဝင်းသန့်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကိုကိုက အ.ထ.က(၉) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ငြိမ်းအေးထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဆွေဦး၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဉ်ဦးခိုင်၊ ဦးစီးအရာရှိဦးသက်ထွန်းစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဇော်ဝင်းသန့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အ.ထ.က(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း