ဒဂုံအရှေ့ ဩဂုတ် ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်သော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၂၀)လှူဒါန်းခဲ့ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်က လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များဖြစ်သော လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ပြင်ပဗဟုသုတများ ရရှိစေရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သော လူရည်ချွန်များ ဖြစ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ယုယုခိုင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်လည်းကောင်း၊ Grade-11 မှ မောင်သွင်ထူးအောင်က လူငယ်နှင့်ကျန်းမာရေး၊ Grade-9 မှ မောင်စွမ်းထက်ပိုင်က လူငယ်နှင့်စာရိတ္တ၊ Grade-10 မှ မောင်လွှမ်းမောင်မောင်ဘိုက လူငယ်နှင့်အားကစား၊ Grade-10 မှ မညလေးနွယ်က လူငယ်နှင်ယဥ်ကျေးမှု ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား/သူ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)