သန်လျင်ခရိုင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးညှိနှိုင်းဆွေးနွေး

ရန်ကုန် ဩဂုတ် ၁၄

သန်လျင်ခရိုင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ရှိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်သွားရန် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်သွားရန် အချိန်တစ်လသာကျန်ရှိ၍ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးဝင်းက သန်လျင်ခရိုင်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအကြိုသင်တန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် မြို့နယ်ရပ်ကွက်ကျေးရွာများအတွင်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ၊ ဆောင်ရွက်မည့်အစီအမံများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက အကြံပြုဆွေးနွေးကြသည်။ သန်းခေါင်စာရင်းကောက်ယူရေးအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်လျင်ခရိုင်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်ဆက်)