မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်ပူဇော်

စစ်တွေ ဩဂုတ် ၁၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ပူဇော်ထားသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် လောကာနန္ဒာစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူဒါန်းပူဇော်သည်။

ထို့နောက် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူအတွက် စံကျောင်း တော်(၂)ဆောင် ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပထမပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ဆည်းပူးခြင်းကိုကျင်းပရာ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက မြို့နယ် ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရ ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင် သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် မာရဝိဇယဆင်းတုတော်၏ စံကျောင်းတော်အား ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကိုကျင်းပရာ ဆရာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင်နေရာယူကြပြီး မင်္ဂလာအချိန်တွင် သံဃာတော် အရှင်သူမြတ်များက ဇယန္တောဗောဓိယာမူလေ အစချီသောအောင်ဂါထာကိုရွတ်ဆိုကာ ပန္နက်တော် တင်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အဘယရာဇမုနိဆင်းတုတော်၏ စံကျောင်းတော်အား ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကိုကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ် နေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ဆရာတော်အရှင်သူမြတ်များက ဇယန္တောဗောဓိယာ မူလေ အစချီသော အောင်ဂါထာကို ရွတ်ဆိုကာ ပန္နက်တော်တင်ကြပြီး  အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့မှာ စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကိန်းဝပ်စံပါယ်လျက်ရှိရာ အများပြည်သူများ ကုသိုလ်ဒါနပွား များနိုင်ရန် လာရောက်ဖူးမြော်နိုင်ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)