ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု လုပ်ငန်းများဆောင်ရွက်

ဒဂုံဝောာင် ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊  မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပသည်။

အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဘက်စုံဖွံ့ဖြိုးရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမားရေး အသိပညာပေးခြင်းနှင့် စစ်ဆေးကုသပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်းတို့ကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျောင်းကျန်းမာရေးလှုပ်ရှားမှု ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက    ရပ်မိရပ်ဖများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပြီး အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ  ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေး စမ်းသပ်စစ်ဆေးကာ လိုအပ်သော ဆေးဝါးကုသပေးခြင်း၊ ဆေးဝါးတိုက်ကျွေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိဖြင့် ‌စနစ်တကျ လက်ဆေးနည်းနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းပေးခြင်းတို့ ဆောင်ရွက်ပေးကြောင်း သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)