ရန်ကုန် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဦးစွာကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်၊ အလုံခရိုင်ပညာရေးမှူး(တာဝန်ခံ)၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံဘဏ္ဍာဒေါ်ခင်ချောစုလှိုင်၊ အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအကျိုးတော်ဆောင်ဒေါ်ယဉ်ယဉ်သန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားတက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အမျိုးသားစာပေ မြန်မာ့ယဉ်ကျေးမှုအမွေ” သီချင်းဖြင့်သီဆိုဖျော်ဖြေ၍လည်းကောင်း၊ အလုံမြို့နယ်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် လည်းကောင်း ကပြဖျော်ဖြေကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စာဖတ်သူတိုင်းသည် အောင်မြင်မည့်သူများဖြစ်မလာနိုင်သော်လည်း လောကနယ်ပယ်အသီးသီးမှာ ထိပ်တန်းနေရာကို ရောက်ရှိသည်အထိ အောင်မြင်မှုရရှိခဲ့ကြသည့် ပုဂ္ဂိုလ်များက စာဖတ်သည့်သူများဖြစ်ပါကြောင်း၊ အောင်မြင်ကျော်ကြားသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များသည် စာပေရေးသားခြင်း၊ စာပေဖတ်ရှုလေ့လာခြင်းများကြောင့် အောင်မြင်မှုသရဖူကို ပိုင်ဆိုင်နိုင်ခဲ့တယ်ဆိုတာ ကျောင်းသားလူငယ်မောင်မယ်များကို အသိပေးလိုခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်မောင်မယ်များအနေနှင့် စာပေဖတ်ရှုသည့် အလေ့အထများ၊ စာကြည့်တိုက်အသုံးပြုမှုများ၊ စာပေဆိုင်ရာဆွေးနွေးမှုများစသည့် အလေ့အကျင့်ကောင်းများကို အခုလိုငယ်ရွယ်နုပျိုစဉ်ကပင် စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက ကြီးပြင်းလာသည့်အချိန်မှာ စာပေမှာမွေ့လျော်သည့် အထုံပါရှိနေမှာဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူငွေ၊ စာအုပ်စာစောင်များ လှူဒါန်းလက်ခံခြင်းနှင့် “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောသည့် စာရေးဆရာ လင်းသိုက်ညွန့်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားတွင် စာရေးဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ)က “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် စာပေဟောပြောခြင်း၊ အလုံမြို့နယ်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဦးရွှေရိုးဒေါ်မိုး"သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)