လင်းခေး နိုဝင်ဘာ ၁၉
ပြည်သူအများ ခရီးသွားလာရေး ပိုမိုအဆင်ပြေစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်လျက် လင်းခေးမြို့တွင် ခရီးသည်ပို့ဆောင်ရေး “ရွှေလင်းခေး” မော်တော်ယာဉ် လိုင်းကား ဂိတ်အသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက အဆိုပါ ကားဂိတ်ရှိရာ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်လိုင်းမှ ယာဉ်ငယ် ProBox နှင့် Succeed အမျိုးအစားကားများဖြင့် လင်းခေး-မိုးနဲ-နမ့်စန်-တောင်ကြီး ပြေးဆွဲသွားမည်ဖြစ်ပြီး၊ လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ခရီးသည်သုံးဦးသာ တင်ဆောင်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းမော်တော်ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးစိုင်းဆိုင်မှိုင်းက ပြောသည်။
ယနေ့ စတင်ဖွင့်လှစ်ရက် မော်တော်ယာဉ်လိုင်းကား ၂ စီး စေလွှတ် ပြေးဆွဲနိုင်ခဲ့သည်။ မ.ထ.သ (တောင်ကြီး)၏ ခွင့်ပြုချက်ရယူကာ လက်ရှိ လိုင်းပြေးဆွဲခွင့်ရ အသင်းဝင်မော်တော်ယာဉ်ငယ် (၆) စီးဖြင့် စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်းကော်မတီကို အဖွဲ့ဝင် (၅)ဦး ဖွဲ့စည်းထားရှိကာ လင်းခေးမြို့နယ် ပြည်သူလူထုတို့နှင့် ရပ်နီးရပ်ဝေး ခရီးသွားလာ လျက်ရှိကြသော သူများကောင်းမွန် အဆင်ပြေချောမွှေ့စေရေး နေ့စဉ်ပုံမှန် ပြေးဆွဲသွားမည် ဖြစ် ကြောင်း မော်တော်ယာဉ်စီးခနှုန်းထားမှာ လင်းခေး-တောင်ကြံး လူတစ်ဦးလျှင် ကျပ် “၁၅,ဝဝဝိ” နောက်ခန်း ပုံမှန်မော်တော်ယာဉ် လိုင်းကားခ လူတစ်ဦး ကျပ် ၁၂,ဝဝဝိ ဖြစ်ကြောင်း ဂိတ် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။
ဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖ များ၊ မော်တော်ယာဉ် ပိုင်ရှင်များနှင့် ဂိတ်အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။
ရွှေလင်းခေးမော်တော်ယာဉ် လိုင်းကားဂိတ်အား အခြေအနေ အရပ်ရပ်ကြောင့် ဖွင့်လှစ်ထား ခြင်းကို ခေတ္တရပ်နားထားရသည်မှ ယခင် “ရှမ်းအိုးစည်” မော်တော်ယာဉ်အသင်း နေရာ တွင် ဂိတ်အသစ်ထူထောင် ပြန်လည်စတင် ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းဇော်လတ် (လင်းခေး)