လှည်းကူး ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဩဂုတ်လ ၁၂ ရက်နေ့က လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နီက ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့် လုပ်ငန်းထူထောင်မည့်သူများရွေးချယ်ရာတွင်လည်း အမှန်တကယ်လုပ်ငန်းထူထောင်မည့်သူများကို ရွေးချယ်ရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းများကို (၁)လကြာစာတွေ့(၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်းသိရပြီး သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား စိစစ်ရွေးချယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းနှင့် ဆက်စပ်လုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နီ၊ လှည်းကူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဘသိန်း၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုး၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစီးမှူးဦးရဲဇော်ထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)