မိုးနဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဟောပြော

မိုးနဲ   ဩဂုတ်   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းထွဋ်က ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်က ရွေးကောက်ပွဲနှင့်ဆက်စပ်၍ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်အရေးပါပုံ၊ နိုင်ငံသားနှင့်နိုင်ငံသားဆိုင်ရာအခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုကိုဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက ကျေးဇူးတင်စကားနှင့်ကျောင်းသား/သူများ သိရှိလိုသည့်အချက်များရှိပါက သက်ဆိုင်ရာဌာနများသို့ မေးမြန်းနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)