ထန်းတပင်(ရန်ကုန်) ဩဂုတ် ၁၄
လူငယ်လူရွယ်များ အားကစားဆိုင်ရာအသိပညာနှင့်ဗလငါးတန်ဖွံ့ဖြိုးပြီး လူကောင်းလူတော်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ခွဲ)အတွင်းသဲဖြူကျောင်းတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးဝင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဦးဇော်ဇော်နိုင်က အားကစားဆိုင်ရာသိကောင်းစရာများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဆုမြတ်ဝင်းက လူငယ်နှင့်ပညာအကြောင်းတို့ကိုလည်းကောင်း တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ တိုက်ကွမ်ဒိုအားကစားအဖွဲ့မှ တိုက်ကွမ်ဒိုကစားနည်းများကို သရုပ်ပြသခဲ့ကြကာ လက်တွေ့သရုပ်ပြခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ကြကြောင်းသိရပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ကြသလို အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)