မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းဆောင်ရွက်

 မြောက်ဥက္ကလာပ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းရှိ ငုဝါခန်းမတွင် ပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ်က အသိပညာပေးဟောပြောရာတွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ၊ “အဆစ်ရောင်ရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ” အကြောင်းစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် ဖော်စပ်ထားသော ဆေးဝါးများနှင့် ရောဂါများအလိုက် ဆေးကုသမှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် Grade-6 မှ Grade-9 ထိ ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦးခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 သက်လွင်စိုး (ပြန်/ဆက်)