မြောက်ဥက္ကလာပ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအကြောင်းနှင့် မူးယစ်ဆေးဝါးအကြောင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ငုဝါခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ညိုညိုစန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြ၀င်းက မိမိတို့ဌာန၏ လုပ်ဆောင်ချက်များ ၊ စာသင်ကျောင်းများတွင် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ရခြင်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်စာပေဖတ်ရှုရခြင်း၏ အကျိူးကျေးဇူးများအကြောင်းစသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဦးသိန်း၀င်းဇော်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆိုးကျိုးများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ မူးယစ်းဆေးဝါးအကြောင်း သိကောင်းစရာများအား အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်ပိုစတာများ ၊ သုတ၊ ရသစာအုပ်စာစောင်များအား
ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်၀န်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြာင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)