ဗိုလ်တထောင် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နေ့နံနက်(၉း၀၀)နာရီက ဗိုလ်တထောင်မြို့နယ် အ.ထ.က(၆)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ကျင်းပခဲ့ရာအခမ်းအနားကို အ.ထ.က(၄)ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။
ထိုအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူးလှဘုန်းကျော်၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် မြို့နယ်လူငယ်ရေးရာကော်မတီ၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အားကစားသမားကျောင်းသားကျောင်းသူများ၊ ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိကြသည့်သူများနှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြ သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းပေါင်းစုံ U – 18 အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းအသင်းများအား လည်းကောင်း၊ ၂၀၂၄-၂၀၂၅ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်ကာတွန်းပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ ကမ္ဘာ့ခရီးသွားများလုပ်ငန်းအထိမ်းအမှတ် ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ၊ ကမ္ဘာ့ပတ်ဝန်းကျင်အထိမ်းအမှတ် တိုင်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး အ.ထ.က(၆)ကျောင်းသားများမှ ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ခင်ဝင်း(ပြန်/ဆက်)