ဝမ်းတွင်း သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ - ၂၀၂၅ ခုနှစ် ၊ အင်ဂျင်စွမ်းအားသုံး(၆)တန်းသွားလက်ဆွဲကောက်စိုက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့က ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောက်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၃၂၃/ခ)၊ ဦးပိုင်အမှတ် (၂၆) ရှိ ဒေသခံတောင်သူ ဦးစံထွန်း၏ လယ်မြေ (၂) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင်၊ အင်ဂျင်စွမ်းအားသုံး (၆) တန်းသွား လက်ဆွဲကောက်စိုက် အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင် ညီညာရန်လိုအပ်ခြင်း၊ ပျိုးခင်းအတွက် နေရာ အနည်းငယ်သာလိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်း ကောင်းမွန် စေခြင်း၊ ကောက်ကွက်နှင့် ကောက်ပင်အတိမ်အနက် လိုအပ်သလို ချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်း၊ ကောက်ပင်လှန်မြန်ခြင်းနှင့် ပင်ပွားအရေအတွက် များများ ရရှိခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီခြင်း အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲလာသည်တို့တွင် အချိန်အခါမီ စိုက်ပျိုးနိုင်ခြင်းနှင့် အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲ ကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကို မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဝင်းမှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
အင်ဂျင်စွမ်းအားသုံး (၆) တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေဟန်ကျော်၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များနှင့် ကျေးရွာ (၃) ရွာမှ ဒေသခံ တောင်သူများ စုစုပေါင်း (၃၀) ဦးခန့် စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)