မိုင်းဆတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အ.ထ.က (မိုင်းဆတ်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ အ.ထ.က (မိုင်းဆတ်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က(မိုင်းဆတ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့စာပေ အလှကဗျာဝေ” သီချင်းဖြင့် တေးသရုပ်ဖော်သီဆို ဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက နိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အခြေခံပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နေရာအနှံ့ ကျင်းပဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသိပညာ၊ အတတ်ပညာများကို ကျောင်းပညာများဖြင့် ပြည့်စုံကြွယ်ဝအောင် ဆောင်ရွက်နိုင်သလို ကျောင်းပညာ၊ အတန်းပညာများကို သင်ယူပြီး စာကြည့်တိုက်ယဉ်ကျေးမှုကို ပျိုးထောင်ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတိုင်းမှာ ပညာရေးအဆင့်မြင့်မားစေရန် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့သည်။
ယင်းနောက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အ.ထ.က (မိုင်းဆတ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က စာစီစာကုံးပြိုင်ပွဲ၊ လူငယ်စကားဝိုင်း၊ စာပေဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ စာအုပ်စာစောင်ပြပွဲ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲနှင့် ဌာနဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း၊ အ.ထ.က(မိုင်းဆတ်) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)